မကွေးတိုင်းဒေသကြီးလွှတ်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော်မတီက ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးသို့ တင်သွင်းသော လုပ်ငန်းအစီရင်ခံစာ

ဒုတိယအကြိမ်အစီရင်ခံစာများ

 

ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ   ၂၆   ရက်

နိဒါန်း

၁။      မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာ ဥပဒေပုဒ်မ ၂၃၊ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံးလျက် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်သော ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေး (၁၃)ရက်မြောက်နေ့တွင် လွှတ်တော်၏ သဘောတူညီချက်အရ မကွေးတိုင်းဒေသကြီးလွှတ်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီကို အဖွဲ့ဝင်(၉)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

၂။      ကော်မတီကို ၂၀၁၃ ခုနှစ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ  ပုဒ်မ ၂၊ ပုဒ်မခွဲ(ဇ)အရ တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းခဲ့ပါသည်။

ရည်ရွယ်ချက်

၃။      ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် သက်တမ်းကာလအတွင်း မကွေးတိုင်း ဒေသကြီးအတွင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကိစ္စရပ်များတွင် ကော်မတီသို့ လွှတ်တော်မှ ပေးအပ်ထားသော တာဝန်များအတိုင်း အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်ချက်များ

၄။      အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီသည် ပထမအကြိမ် ကော်မတီအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ခေါ်ယူခဲ့သည်။ ကော်မတီအနေဖြင့် ကိုင်တွယ်ဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ်ပမာဏကို ဆွေးနွေးကြပါသည်။ ကော်မတီ၏တာဝန်နှင့် ဆက်စပ်နေသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုပ်ငန်းဆောင်တာများ အလိုက် စောင့်ကြည့်စစ်ဆေးရန် အားလုံးသဘောတူဆုံးဖြတ်ကြပါသည်။

၅။      ၂၀၁၆ ခုနှစ်၊ မေလ(၁၁)ရက်နေ့တွင် ပြုလုပ်သော မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ရေးရာကော်မတီဥက္ကဋ္ဌများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ချမှတ်ခဲ့သော လွှတ်တော်ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ကော်မတီ၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ် ကော်မတီအစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မေလ(၁၇)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။

၆။      ၂၀၁၆ ခုနှစ်၊ မေလ(၁၇)ရက်နေ့တွင် ပြုလုပ်သော ဒုတိယအကြိမ် အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ၂၀၁၆ ခုနှစ်၊ မေလ(၁၈)ရက်နေ့တွင် သရက်မြို့၊ ဘိလပ်မြေစက်ရုံနှင့် အောင်လံမြို့ UKT အရက်ချက်စက်ရုံများသို့ သွားရောက်ကွင်းဆင်းလေ့လာခဲ့ပါသည်။

၇။      ထိုသို့ ကွင်းဆင်းလေ့လာရာတွင် ကော်မတီ၏ တာဝန်ပေးအပ်ချက်အရ ကော်မတီဥက္ကဋ္ဌ ဦးသက်ခိုင်နှင့် ကော်မတီအဖွဲ့ဝင် ဦးတင်မောင်ဦး၊ ဦးဇော်မင်းထွန်း၊ ဦးအောင်သန်းတို့ ပါဝင်သည်။ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်များဖြစ်သော သရက်မြို့နယ်မှ ကိုယ်စားလှယ်ဒေါ်အေးယူမော်၊ ဦးဇော်မိုးအောင်၊ အောင်လံမြို့နယ်မှ ကိုယ်စားလှယ် ဦးအေးကျော်တို့၏ အကူအညီဖြင့် သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်အဆင့် ထွေ/အုပ်ဝန်ထမ်းများ၊ စည်ပင်သာယာရေးအရာရှိများ၊ ကျန်းမာရေးဆိုင်ရာ အရာရှိများဖြင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။

၈။      အောင်လံမြို့တွင် ပြည်သူလူထုနှင့်တွေ့ဆုံပြီး လူထုကြားနာပွဲ ပြုလုပ်ခဲ့ပါသည်။

သုံးသပ်တွေ့ရှိချက်

၉။      သရက်မြို့၊ ဘိလပ်မြေစက်ရုံ၊ အောင်လံမြို့ UKT အရက်ချက်စက်ရုံများနှင့် ပတ်သက်၍ လေ့လာချက်များကို သီးခြားအစီရင်ခံစာတင်သွင်းရန် ပြည်သူ့ငွေစာရင်းကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သယာရေးကော်မတီ၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ကော်မတီတို့နှင့် ပူးပေါင်းလေ့လာရန် လိုအပ်ကြောင်း သုံးသပ်ရရှိပါသည်။

ဆက်လက်ဆောင်ရွက်ရန်များ

၁၀။    ကော်မတီသည် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကိစ္စရပ်
များနှင့် ဆက်စပ်သည့် ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၏ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားမည်။

၁၁။    အလုပ်ရှင် အလုပ်သမားရေးရာကိစ္စရပ်များ၊ အငြင်းပွားမှုများနှင့် စပ်လျဉ်းပြီး တည်ဆဲဥပဒေ၊ စည်းမျဉ်းများနှင့်အညီ တရားမျှတမှုရှိစေရေး ဆောင်ရွက်သွားမည်။

၁၂။    အလုပ်သမားရေးရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး လိုအပ်ပါက တိုင်းဒေသကြီးအတွင်း ဥပဒေများ ပြဌာန်းနိုင်ရေးအတွက် ဥပဒေကြမ်း ရေးဆွဲဆောင်ရွက်သွားမည်။

၁၃။    ကော်မတီ၏ ဆောင်ရွက်ချက်များအပေါ် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများအနေဖြင့် တိကျစွာလိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်စွမ်း ရှိ/မရှိ စိစစ်ဆောင်ရွက်သွားမည်။

နိဂုံး

၁၄။    ဤအစီရင်ခံစာကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာကော်မတီ သည် ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော် နည်းဥပဒေ ၆၆ အရ လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် မကွေးတိုင်းဒေသကြီးလွှတ်တော်သို့ အစီရင်ခံတင်သွင်းပါသည်။

 

 

                                                                                            ဥက္ကဋ္ဌ

                                                                       အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်

                                                                           ပြည်သူ့အင်အားဆိုင်ရာကော်မတီ

                                                                           မကွေးတိုင်းဒေသကြီးလွှတ်တော်

မိတ္တူကို

လက်ခံ