မကွေးတိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီမှ မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေပြဋ္ဌာန်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဆောင်ရွက်ချက်များ

၂၀၂၀ပြည့်နှစ်၊ ဩဂုတ်လ(၃၁)ရက်နေ့ နေ့လယ်(၁၄၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီး လွှတ်တော်ရုံး VIP Meeting Room တွင် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေပြဋ္ဌာန်း နိုင်ရေးအတွက် ဥပဒေပြုရေးဆိုင်ရာကော်မတီ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ကော်မတီဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများဖြင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ)နှင့် ဥပဒေပြုရေးဆိုင်ရာကော်မတီ အဖွဲ့ဝင်များ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဇော်မင်း၊ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ ညွှန်ကြားရေးမှူး ဦးထင်အောင်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဋ္ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော်ရုံး၊ ဥပဒေဌာန၊ ရေးရာကော်မတီဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (ဥပဒေပြုရေး ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ) မှ ဥပဒေကြမ်းတွင် ဝန်ကြီး၊ ကော်မတီနှင့် ဋ္ဌာနများပါဝင်သည့်အတွက် ဥပဒေဆွေးနွေးရာတွင် ပြည့်စုံမည်ဟု ယူဆပါကြောင်း၊ မူပိုင်းသည် တက်လာသည့် အစိုးရ၏ မူဝါဒ ပိုင်းနှင့်လည်း သက်ဆိုင်ပါကြောင်း၊ ဥပဒေသည် ပြည့်စုံသည်ဟူ၍မရှိပါကြောင်း၊ ယခုစိစစ်ထားသည့် တစ်ပိုဒ်ချင်းအလိုက်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း၊ ဥပဒေကြမ်းမှာ ပြီးပြည့်စုံသည်ဟုမဆိုနိုင် သော်လည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ထားရှိပါကြောင်း၊ လုပ်ငန်းစဉ်၊ ရည်ရွယ်ချက်၊ အချို့အချက်များ ကြေလည်အောင် ဆောင်ရွက်၍ တတ်နိုင်သမျှ ပြည့်စုံအောင် ဝိုင်းဝန်းဆွေးနွေး ကြစေလိုပါကြောင်း ဖြင့် အမှာစကားပြောကြားခဲ့ပါသည်။
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးမှ ဆွေးနွေးရာတွင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်နှင့် ကိုက်ညီသော ဥပဒေတစ်ခု ဖြစ်ပေါ်လာစေရန်နှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်များနှင့် များစွာကွဲလွဲမှုမရှိစေရန် မြို့နယ် စည်ပင် သာယာရေးအဖွဲ့များသို့ လေ့လာထားရှိစေပါကြောင်း၊ ရည်ရွယ်ချက်အပေါ် အခြေခံပြီး ဆောင်ရွက်ကြရန် လိုပါကြောင်း ဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာကြသော ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ အခန်းကဏ္ဍအလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။
အဆိုပါ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးဥပဒေကြမ်းအား လက်ရှိကျင်းပနေသည့် ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် တင်သွင်း၍ အတည်ပြုပြဋ္ဌာန်းနိုင်ရေးနှင့် အစီရင်ခံစာ တင်သွင်းနိုင်ရေးအတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရှိရသည်။