မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားတက်ရောက်

ဆောင်ရွက်ချက်များ

၂၀၁၈ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်၊ မကွေးမြို့၊ မြို့တော်ခန်းမတွင် ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီးဥပဒေချုပ် ၊ မကွေးတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ကျောင်းသားလူငယ်များ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ဆိုင်ရာ အသိပညာပေး ဗွီဒီယိုကိုပြသခဲ့ပါသည်။ ဆက်လက်၍ စာစီစာကုံး၊ ကာတွန်း၊ ကဗျာနှင့် လက်မှုပညာပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ရာတွင် စာစီစာကုံးဆု ရရှိသူများအား မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးတာမှလည်းကောင်း၊ ကာတွန်းဆု ရရှိသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်မှလည်းကောင်း၊ ကဗျာဆုရရှိသူများနှင့် လက်မှုပညာပြိုင်ပွဲ ဆုရရှိသူများအား မကွေးတိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်းမှလည်းကောင်း အသီးသီး ဆုများချီးမြှင့်ပေးခဲ့ပါသည်။

ဆက်လက်၍ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားများ ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီခဲ့သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ တာဝန်ခံ အရာရှိ ဦးဝင်းကိုကိုမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ပြီး  အခမ်းအနား တက်ရောက်လာသူများနှင့် စုပေါင်းမှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။ ထို့နောက် အခမ်းအနားပြီးမြောက်ကြောင်း ကြေညာခဲ့ပြီး အခမ်းအနားတက်ရောက်လာသူများမှ ဆုရစာမူ၊ ကာတွန်း၊ ကဗျာနှင့်၊ စွန့်ပစ်ပစ္စည်း ပလတ်စတစ်များအား လူ့အသုံးအဆောင်ပစ္စည်းများအဖြစ် ပြန်လည်အသုံးချသည့် လက်မှုပညာ ပြိုင်ပွဲဝင် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ပါသည်။