
မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ၊ ဒုတိယဥက္ကဋ္ဌတို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး (ပင်မ)အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်
ဆောင်ရွက်ချက်များ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီအချိန် မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံး ကော်မတီအစည်းအဝေးခန်းမတွင် လွှတ်တော်ရုံး(ပင်မ)အဆောက်အဦ ဆောက်လုပ်ခြင်းလုပ်ငန်းနှင့်ပတ်သက်သည့်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးတိုင်းဒေသကြီးလွှတ်တော်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ရီမြင့်နှင့် ရုံးအဖွဲ့များ၊ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲထွဋ်၊ တိုင်းဒေသကြီးမြို့ပြနှင့်အိမ်ရာများဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဝါ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးဝင်းမိုးထိုက်၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာရုံးမှ တိုင်းဒေသကြီးလက်ထောက် အင်ဂျင်နီယာ ဦးထွားညွန့်၊ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ဇော်၊ တိုင်းဒေသကြီး မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်၊ တိုင်းဒေသကြီးဆည်မြောင်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်လွင်၊ ခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံးမှ ခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးအေးဝင်း၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးစိုးဌေးအောင် တို့တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌတို့မှ လွှတ်တော်ရုံး(ပင်မ)အဆောက် အဦဆောက်လုပ်ခြင်းနှင့်ပတ်သက်ပြီး သတ်မှတ်အချိန်ကာလအမီ ပြီးစီးရေး၊ ဖွင့်ပွဲကျင်းပချိန်တွင် အဆောက်အဦ တစ်ခုလုံးအတွက် လိုအပ်သောပရိဘောဂနှင့်အခြားဆက်စပ်ပစ္စည်းများအားလုံး ပြည့်စုံပြီးစီးရေး၊ ယခုအစည်းအဝေး တက်ရောက်လာသော ကော်မတီအဖွဲ့များနှင့်အတူ (၁)လ (၁)ကြိမ် ကွင်းဆင်းစစ်ဆေး၍ အစည်းအဝေးခေါ်ယူနိုင်ရေး၊ မိမိတို့ တာဝန်ယူသည့်အချိန်ကာလတွင် (ပင်မ)အဆောက်အဦအား စံချိန်စံညွှန်းမီ အကောင်းဆုံးဖြစ်စေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အားထုတ်ကြိုးပမ်းပေးကြစေလိုကြောင်း၊ နောင်အခါ ဆက်လက်တာဝန်ယူမည့်တာဝန်ရှိပုဂ္ဂိုလ်များ အဆင့်ဆင့်ထံ အကောင်းမွန်ဆုံး လွှဲပြောင်းပေးသွားချင်ပါကြောင်း၊ တက်ရောက်လာသည့်ဌာနဆိုင်ရာများအနေဖြင့်လည်း မိမိသက်ဆိုင်ရာဌာနများအလိုက် တွေ့ရှိလိုအပ်ချက်များအား အကြံပြုဆွေးနွေးပေးစေလိုပါကြောင်း စသည်ဖြင့် မှာကြားခဲ့ပါသည်။
ထို့နောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှ လွှတ်တော်(ပင်မ)အဆောက်အဦနှင့်ပတ်သက်၍ လိုအပ်သည့်အချက်များနှင့်ဆောင်ရွက်သွားမည့်အချက်များ၊ မိမိတို့အဖွဲ့အနေဖြင့်ကြိုတင်စီမံဆောင်ရွက်ထားသင့်သည့်အချက်များကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီးနောက် လွှတ်တော်ဥက္ကဋ္ဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။