မကွေးတိုင်းဒေသကြီး မြေယာခွန်ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ပြည်သူလူထုကြားနာပွဲ)ကို မကွေးမြို့နယ်တွင် ကျင်းပပြုလုပ်

ဆောင်ရွက်ချက်များ

မကွေးတိုင်းဒေသကြီးလွှတ်တော်နှင့် ယုံကြည်ရာအသိပညာပြန့်ပွားရေးအသင်းတို့ ပူးပေါင်းဆောင်ရွက် သည့် မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (ပြည်သူလူထုကြားနာပွဲ)ကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့ နံနက်(၀၉ဝဝ)နာရီအချိန်တွင် မကွေးမြို့၊ ထိန်ထိန်သာဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ (တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ) ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဆန်းလင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပခုက္ကူမြို့နှင့် အောင်လံမြို့များတွင် ဆွေးနွေးခဲ့ကြသည့် အစုအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များ၊ မကွေးမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မကွေးမြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ ပါသည်။
အခမ်းအနားတွင် စေတုတ္ထရာမြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (တိုင်းဒေသကြီးလွှတ်တော် ဥပဒေပြုရေးဆိုင်ရာကော်မတီအတွင်းရေးမှူး) ဒေါ်ညိုညိုဦးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး ဥပဒေချုပ်မှ ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသူများမှလည်း မကွေးတိုင်းဒေသကြီးမြေယာခွန်ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များအား မေးမြန်းဖြေကြားခြင်းနှင့် ဆွေးနွေးတင်ပြခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။