မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းခြင်း

ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း

၁။     မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂(က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မကွေးတိုင်းဒေသကြီးလွှတ်တော် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာ လေ့လာညှိနှိုင်းရေးကော်မတီကို အောက်ပါကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းခဲ့ပါသည် –

(က)    ဦးနေမျိုးကျော်     မင်းဘူးမဲဆန္ဒနယ်အမှတ်(၂)                 ဥက္ကဋ္ဌ

( ခ )   ဦးကျော်စွမ်းရည်  မင်းဘူးမဲဆန္ဒနယ်အမှတ်(၁)                 အဖွဲ့ဝင်

( ဂ )   ဦးစန်းကြူ          ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၁)             အဖွဲ့ဝင်

(ဃ)    ဦးခင်မောင်လွင်   ငဖဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)    အဖွဲ့ဝင်

( င )   ဦးဇော်မိုးအောင်   သရက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)         အဖွဲ့ဝင်

( စ )   ဦးကျော်ဌေး        မကွေးမဲဆန္ဒနယ်အမှတ်(၁)              အတွင်းရေးမှူး

၂။     ဤ ကော်မတီသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့် ဖြစ်သည်။

ကော်မတီ၏သက်တမ်း

၃။     ကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ (၁)လဖြစ်သည်။ သို့ရာတွင် ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေအရ (၁)လပြည့်မြောက်သည့်အခါ လိုအပ်ပါက သက်တမ်းတိုးနိုင်သည်။

၄။     တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌသည် ကော်မတီ၏သက်တမ်းကာလအတွင်း အဖွဲ့ဝင် များကို သင့်လျော်သလို ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

ကော်မတီ၏တာဝန်များ

၅။     ကော်မတီသည် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများဆိုင်ရာများနှင့် စပ်လျဉ်း၍ အောက်ပါအချက်များကို အခြေခံ၍ လေ့လာညှိနှိုင်းရမည် –

(က)    နိုင်ငံတော်ကချမှတ်သော မူဝါဒများ၊ ဦးတည်ချက်များနှင့် ညီညွတ်မှုရှိ/မရှိ၊

( ခ )   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများ ပါ ပြဌာန်းချက်များနှင့် ညီညွတ်မှုရှိ/ မရှိ၊

( ဂ )   သက်ဆိုင်ရာ အစိုးရဌာနများမှ ထုတ်ပြန်ထားသော နည်းဥပဒေများ၊  လုပ်ထုံး လုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ၊ အမိန့်ကြေညာချက်များ၊ ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိ၊

(ဃ)    အများပြည်သူ၏ လုံခြုံရေး၊ ပစ္စည်းလုံခြုံရေးနှင့်ပြည်သူများစိတ်အေးချမ်းသာယာစွာ နေထိုင်နိုင်ရေး အလေးထားဆောင်ရွက်ခြင်း ရှိ/ မရှိ၊

( င )  ရေဘေး၊ မီးဘေးအပါအဝင် ရုတ်တရက် သဘာဝဘေးအန္တရာယ်များကျရောက်ပါက ကာကွယ် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်စီမံ ထားခြင်း ရှိ/ မရှိ။

၆။      ကော်မတီသည်တိုင်းဒေသကြီးလွှတ်တော်က အခါအား လျော်စွာ ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရမည်။

၇။      ကော်မတီသည် မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်း လုပ်ငန်းများဆိုင်ရာများကို အသေးစိတ် ဆွေးနွေးစဉ်းစားရာ၌ တိုင်းဒေသကြီးလွှတ်တော်တွင် ဆွေးနွေးစဉ်းစားသည့်နည်းလမ်း အတိုင်း ဆွေးနွေးစဉ်းစားရမည်။ သို့ရာတွင် –

(က)    ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက် တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ခံသူမလို၊

( ခ )   ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီး ဆွေးနွေးခွင့် ရှိသည်၊

( ဂ )   မန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်း များဆိုင်ရာများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းတို့နှင့်ညှိနှိုင်းပြီး ဖြေကြားနိုင်သည့် တာဝန်ရှိ ပုဂ္ဂိုလ်များအား ဖိတ်ကြား၍ မေးမြန်းဆွေးနွေးနိုင်သည်။

၈။      ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း၊ ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်း အဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်း များကိုဖြန့်ဝေခြင်း မပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ပေးပို့သော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများ နှင့်အတူပူးတွဲ၍ အမှုတွဲအဖြစ်တစ်ပေါင်းတည်းထိန်းသိမ်းထားနိုင်ရန် လွှတ်တော်ရုံးသို့ပေးပို့ရမည်။

ကော်မတီ၏လုပ်ပိုင်ခွင့်များ

၉။      ကော်မတီအစည်းအဝေးများကို ၂၀၁၃ ခုနှစ်၊ မကွေးတိုင်း ဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ  ၆၅ ပါ ပြဌာန်းချက် များနှင့်အညီ ကျင်းပရမည်။

၁၀။    ကော်မတီသည် မန်းရွှေစက်တော်ဘုရားပွဲတော်ကျင်းပခြင်း လုပ်ငန်းများဆိုင်ရာများနှင့် စပ်လျဉ်း၍ –

(က)    နိုင်ငံတော်နှင့် ပြည်သူတို့အားအကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်၊

( ခ )   ပြည်သူများနှင့် သက်ဆိုင်ရာကျွမ်းကျင်သူများ၏ အကြံပြုချက်များ၊ ဝေဖန်သုံးသပ် ချက်များကို စိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြနိုင်ခွင့် ရှိသည်၊

( ဂ )   ပြင်ဆင်ရန်အကြံပြုချက်များကို တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြနိုင်ခွင့်ရှိသည်။

၁၁။    အပိုဒ် ၁၀ အရ ကော်မတီ၏တင်ပြချက်နှင့် အကြံပြုချက် များသည် မန်းရွှေစက်တော် ဘုရားပွဲတော်ကျင်းပခြင်းလုပ်ငန်းများ ဆိုင်ရာများတွင်ပါရှိသည့် ကိစ္စနှင့်စပ်လျဉ်းသော တင်ပြချက်၊

အကြံပြုချက်များဖြစ်ရမည့်အပြင် ထိုမန်းရွှေစက်တော်ဘုရားပွဲတော် ကျင်းပခြင်းလုပ်ငန်းများ ဆိုင်ရာများသဘောတွင် အကျုံးဝင်သော တင်ပြချက်၊ အကြံပြုချက်များလည်းဖြစ်ရမည်။

၁၂။    ကော်မတီတွင် ဆွေးနွေးစဉ်းစားပြီးဖြစ်ပါက –

(က)    ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာမူကြမ်းကိုပြုစု၍ ကော်မတီအစည်းအဝေးတွင် တင်ပြရမည်၊

( ခ )   အစီရင်ခံစာမူကြမ်းကိုကော်မတီကသဘောတူလျှင် ကော်မတီဥက္ကဋ္ဌသည် အစီရင်ခံစာ ကိုလက်မှတ်ရေးထိုး၍ တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရမည်၊ ကော်မတီဝင် သို့မဟုတ် အဖွဲ့ဝင်များသည် အစီရင်ခံစာကိုသဘောတူကြောင်း လက်မှတ်ရေးထိုးရမည်၊ သို့ရာတွင် ခြွင်းချက်သို့မဟုတ် သဘောကွဲလွဲချက်များ ရှိပါကထိုခြွင်းချက် သို့မဟုတ် သဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ် ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊

( ဂ )   ကော်မတီ သို့မဟုတ် အဖွဲ့၏ဥက္ကဋ္ဌမရှိလျှင် သဘာပတိတာဝန်ထမ်းဆောင်သော ကော်မတီဝင် သို့မဟုတ်အဖွဲ့ဝင်က လက်မှတ်ရေးထိုးတင်ပြနိုင်သည်၊

(ဃ)    တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ၏ သီးခြား ညွှန်ကြားချက်မရှိလျှင် ကော်မတီသို့ လွှဲအပ်သည့်နေ့မှစ၍(၁၅)ရက်အတွင်း (ရုံးပိတ်ရက်မပါ) ကော်မတီ၏ အစီရင်ခံစာကို တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရမည်၊

( င )   ကော်မတီဥက္ကဋ္ဌ သို့မဟုတ် ကော်မတီဥက္ကဋ္ဌ၏ တာဝန်ပေးအပ်ခြင်း ခံရသူသည် ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းရမည်။

၁၃။    ကော်မတီဝင်များသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေများပါ ပြဌာန်းချက်များကို မဆန့်ကျင်လျှင် လွတ်လပ်စွာ ပြောဆို ဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊

( ခ )   တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံး နှစ်ခုအထိ ပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်၊

( ဂ )   ကော်မတီဝင်အဖြစ်မှ နှုတ်ထွက်ခွင့်ပြုရန်ခိုင်လုံသော အကျိုးအကြောင်းဖော်ပြလျက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်။

ကော်မတီဝင်၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ

၁၄။    ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကို ဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေး တက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌ လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကို ခံစားခွင့်ရှိသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့် ရှိသည်။

၁၅။    ကော်မတီဝင်များသည် –

(က)    ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ အခြားဥပဒေအရ အရေးယူ ခံရခြင်းမှ ကင်းလွတ်ခွင့် ရှိသည်၊

( ခ )   ကော်မတီ၏ အစည်းအဝေး တက်ရောက်နေစဉ် အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊

( ဂ )   ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခံရပါက ပြစ်ဒဏ် စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။

 

 

 

 

                                                                                                               ဦးတာ

                                                                                                               ဥက္ကဋ္ဌ

 

မှတ်ချက်။     အဆိုပါကော်မတီ၏သက်တမ်းသည် စတင်ဖွဲ့စည်းသည့်နေ့မှစ၍ (၁)လဖြစ်ပြီး ဆောင်ရွက်
ရမည့်လုပ်ငန်းများကိုလည်း ပြည့်စုံကောင်းမွန်စွာ အကောင်အထည်ဖော်ပြီးဖြစ်သည့် အတွက် (၂၁.၆.၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သော ဒုတိယအကြိမ် မကွေး တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ကော်မတီ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်းကို ရပ်နားကြောင်း လွှတ်တော်ဥက္ကဋ္ဌမှ ကြေညာခဲ့ပါသည်။