လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီဖွဲ့စည်းခြင်း
ဒုတိယအကြိမ်ကော်မတီဖွဲ့စည်းခြင်း၁။ မကွေးတိုင်းဒေသကြီးလွှတ်တော်သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ဆိုင်ရာဥပဒေပုဒ်မ ၂၃၊ ၂၀၁၃ ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၆၂(က)အရအပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ (၂၂.၆.၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ် သော ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့)တွင် လွှတ်တော်၏သဘောတူညီချက်အရ လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေး ကော်မတီကို ရည်ညွှန်းပါစာဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးဖြစ်ပါသည်။
၂။ သို့သော်လည်း လုပ်ငန်းလိုအပ်ချက်အရ (၆.၁၀.၂၀၁၆)ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (နဝမနေ့)တွင် လွှတ်တော်၏သဘောတူညီချက်အရ လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီအစား “လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များစိစစ်ရေးကော်မတီ”ကို အောက်ပါပုဂ္ဂိုလ်များပါဝင်သော ကော်မတီအဖွဲ့ဝင် (၆)ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည် –
(က) ဦးတင်သောင်း ရေစကြိုမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) ဥက္ကဋ္ဌ
( ခ ) ဦးအောင်ဆန်းဝင်း ဂန့်ဂေါမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) အဖွဲ့ဝင်
( ဂ ) ဦးကျော်စွမ်းရည် မင်းဘူးမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
(ဃ) ဦးလှိုင်မြင့်သန်း မင်းလှမြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အဖွဲ့ဝင်
( င ) ဗိုလ်မှူးမြင့်သီဟ တပ်မတော်သားကိုယ်စားလှယ် အဖွဲ့ဝင်
( စ ) ဦးသောင်းရွှေ နတ်မောက်မြို့နယ်မဲဆန္ဒနယ်အမှတ်(၁) အတွင်းရေးမှူး
၃။ ဤကော်မတီသည် ၂၀၁၃ ခုနှစ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂ ၊ ပုဒ်မခွဲ(ဇ)အရ မကွေးတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဖြစ်သည်။
ကော်မတီ၏တာဝန်များ
၄။ (က) လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကိစ္စနှင့်စပ်လျဉ်း၍ –
(၁) လွှတ်တော်အစည်းအဝေး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား
ကော်မတီမှ ထုတ်ပေးထားသည့်စိစစ်ရေးကတ်ပြားများနှင့် တိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်မှုရှိမှသာ အစည်းအဝေးတက်ရောက်ခွင့်ပြုရန်၊
(၂) လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေနှင့် စပ်လျဉ်း၍ အောက်ပါအချက်အလက်များပါဝင်သည့် အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌမှ လက်မှတ်ရေးထိုး၍ အစည်းအဝေးမစတင်မီ လွှတ်တော် ဥက္ကဋ္ဌထံ တင်ပြရန် –
(ကက)အစည်းအဝေး တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်
အရေအတွက်၊
( ခခ ) အစည်းအဝေးတက်ရောက်သည့် လွှတ်တော်ကိုယ်စားလှယ်အရေအတွက်၊
( ဂဂ ) အစည်းအဝေးတက်ရောက်သည့် ရာခိုင်နှုန်း။
(၃) လွှတ်တော်ကိုယ်စားလှယ်များသည် အစည်းအဝေးစတင်ပြီးမှ နောက်ကျ
ရောက်ရှိခြင်းရှိပါကကော်မတီရုံးသို့သတင်းပို့စေပြီးအောက်ပါအချက်အလက်များပါရှိသောအစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံတင်ပြရန် –
(ကက)နောက်ကျရောက်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်အမည်၊
( ခခ ) မြို့နယ်အမည်၊ မဲဆန္ဒနယ်အမှတ်၊
( ဂဂ ) နောက်ကျရသည့် အကြောင်းအရာ။
(၄) လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ် လွှတ်တော်ကိုယ်စားလှယ်များ
အစည်းအဝေးခန်းမအတွင်းမှ ထွက်ခွာခြင်းနှင့်စပ်လျဉ်း၍ အောက်ပါအချက် အလက်များပါဝင်သောအစီရင်ခံစာကို လွှတ်တော်ဥက္ကဋ္ဌထံတင်ပြရန်-
(ကက)အစည်းအဝေးကျင်းပနေစဉ် ခန်းမပြင်ပထွက်ခွာသည့် လွှတ်တော် ကိုယ်စားလှယ်အမည်၊
( ခခ ) မြို့နယ်အမည်၊ မဲဆန္ဒနယ်အမှတ်၊
( ဂဂ ) ထွက်ခွာရသည့် အကြောင်းအရာ၊
(ဃဃ)လွှတ်တော်ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ရှိ/ မရှိ။
(၅) လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်းများ
ရှိသည့်အခါလွှတ်တော်ကိုယ်စားလှယ်စိစစ်ရေးကတ်ပြားကို ပြန်လည်လက်ခံရယူခြင်း၊ ဖျက်ဆီးခြင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းအား လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြရန်၊
(ခ) အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် ဝန်ခံချက်များ စိစစ်ရေးကိစ္စနှင့်
စပ်လျဉ်း၍ –
ကတိကဝတ်အဖြစ်မှတ်တမ်းတင်ခြင်း
(၁) လွှတ်တော်ကိုယ်စားလှယ်များမှ အဆိုတင်သွင်းရာတွင် ယင်းအဆိုအား အတည်ပြုပါက ကတိကဝတ်မှတ်တမ်းတင်ခြင်း၊
(၂) သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ ဖြေကြားရာတွင် ဆောင်ရွက် ပေးမည့် သို့မဟုတ် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါဟု အထောက်အထား ခိုင်လုံစွာဖြင့် ရှင်းလင်းပြတ်သားစွာ ဖြေကြားနိုင်မှုမရှိ၍ ကတိကဝတ် မှတ်တမ်းတင်ခြင်း၊
(၃) ရရှိသည့်ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ၌ ပါဝင်ခြင်းမရှိသောလုပ်ငန်းများကို ပြည်ထောင်စုသို့တင်ပြ၍ ဆောင်ရွက်ပါမည်ဟု ဖြေကြားသည့်အတွက် ကတိကဝတ် မှတ်တမ်းတင်ခြင်း။
ကတိကဝတ်မှတ်တမ်းမှပယ်ဖျက်ခြင်း
(၁) မှတ်တမ်းတင်ထားသည့် ကတိကဝတ်တစ်ချက်ချင်းစီအား ပြီးပြတ်ကြောင်း ဓါတ်ပုံမှတ်တမ်းအစရှိသည့် အထောက်အထားခိုင်လုံစွာဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့မှ အကြောင်းပြန်ကြားခြင်းကြောင့် ကတိကဝတ်မှတ်တမ်းမှ ပယ်ဖျက်ခြင်း၊
(၂) ကတိကဝတ်တစ်ချက်ချင်းစီအား ဆောင်ရွက်နိုင်ခြင်း မရှိတော့ကြောင်း ခိုင်လုံသောအကြောင်းပြချက်ဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့မှ အကြောင်း ပြန်ကြားခြင်းကြောင့် ကတိကဝတ်မှတ်တမ်းမှပယ်ဖျက်ခြင်း၊
(၃) တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် ဝန်ခံချက်များ စိစစ်ရေးနှင့်စပ်လျဉ်းပြီး အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ ကတိ ကဝတ်မှတ်တမ်းမှ ပယ်ဖျက်သင့်ကြောင်း ကော်မတီဆုံးဖြတ်ချက်အပေါ် လွှတ်တော်ဥက္ကဋ္ဌမှအတည်ပြုသဖြင့် ကတိကဝတ်မှတ်တမ်းမှ ပယ်ဖျက်ခြင်း။
ကတိကဝတ်များစိစစ်ခြင်း
(၁) ကတိကဝတ်တစ်ခုချင်းအလိုက် အစည်းအဝေး တစ်ကြိမ်နှင့်တစ်ကြိမ်အကြား စိစစ်ရန်၊
(၂) ကတိကဝတ်သက်တမ်းကို ဘဏ္ဍာရေးနှစ်အလိုက် တစ်နှစ်အချိန်ပေး၍ ပြီးမြောက်ခြင်း ရှိ/မရှိ စိစစ်ရန်၊
(၃) လွှတ်တော်ပုံမှန်အစည်းအဝေး (၃)ကြိမ်မြောက်သည်အထိ ကတိကဝတ် ဆောင်ရွက်နိုင်ခြင်းမရှိပါက တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ညှိနှိုင်းဆောင်ရွက်ရန်။
(၄) တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်း
များက ပေးခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို
မည်သည့်အခြေအနေအထိ ဆောင်ရွက်ပြီး/မပြီးစိစစ်၍ တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြရန်၊
(၅) အဆိုပါ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့အပါအဝင် တိုင်းဒေသကြီးအဆင့်အဖွဲ့အစည်းများကဆောင်ရွက်ပြီး ဖြစ်လျှင်ထိုသို့ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့်ကာလအတွင်း သတ်မှတ်ချက် အတိုင်းဆောင်ရွက်ပြီးစီးခြင်းရှိ/မရှိနှင့် မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ/မရှိ စိစစ်၍ တိုင်းဒေသကြီးလွှတ်တော်သို့ တင်ပြရန်။
၅။ အပိုဒ်(၄)၊ အပိုဒ်ခွဲ(ခ)ပါကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထိရောက်မှန်ကန်စွာ ဆောင်ရွက် ထားခြင်းရှိ/မရှိ စိစစ်နိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း လိုအပ်သည့်နေရာဒေသများသို့ သွားရောက်စစ်ဆေးနိုင်သည်။
၆။ ကော်မတီအစည်းအဝေးတွင် ကော်မတီဝင်တစ်ဦးပြောဆိုသော သို့မဟုတ် ပြုလုပ်သော ကိစ္စကိုသော်လည်းကောင်း၊ ကော်မတီတွင်ဆွေးနွေးသော ဆွေးနွေးချက်များကိုသော်လည်းကောင်း ပြင်ပသို့ပေါက်ကြားခြင်းမရှိစေရ။ ကော်မတီအစည်းအဝေးမှတ်တမ်းတွင် ဆွေးနွေးချက်အားလုံးကို အသေးစိတ်မှတ်တမ်းတင်၍ ကော်မတီကအတည်ပြုထားရမည်။ ယင်းအစည်းအဝေးမှတ်တမ်း များကို ဖြန့်ဝေခြင်းမပြုရ။ တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်းသော အစီရင်ခံစာမိတ္တူကို အစည်းအဝေးမှတ်တမ်းများနှင့်အတူပူးတွဲ၍ အမှုတွဲအဖြစ် တစ်ပေါင်းတည်း ထိန်းသိမ်းထားနိုင်ရန် တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ပေးပို့ရမည်။
၇။ ကော်မတီသည် တိုင်းဒေသကြီးလွှတ်တော်က အခါအားလျော်စွာပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ရမည်။
ကော်မတီ၏လုပ်ပိုင်ခွင့်များ
၈။ ကော်မတီအစည်းအဝေးများကို ၂၀၁၃ခုနှစ် မကွေးတိုင်းဒေသကြီးလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၅ ပါ ပြဌာန်းချက်များနှင့်အညီ ကျင်းပရမည်။
၉။ ကော်မတီဝင်များသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြခံဥပဒေနှင့်အညီ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပါ ပြဌာန်းချက်များနှင့်မဆန့်ကျင်လျှင်
လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်နှင့် ဆန္ဒမဲပေးခွင့်ရှိသည်၊
( ခ ) တိုင်းဒေသကြီးလွှတ်တော်၏ လွှတ်တော်ကော်မတီ အများဆုံးနှစ်ခုအထိသာ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်၊
( ဂ ) ကော်မတီဝင်အဖြစ်မှ နုတ်ထွက်လိုပါက ခိုင်လုံသောအကျိုးအကြောင်းဖော်ပြလျက် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြနိုင်ခွင့်ရှိသည်၊
(ဃ) အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီက တာဝန်
ပေးအပ်သည့် ကော်မတီဝင်တစ်ဦးသည် လွှတ်တော်သို့တင်ပြရမည်၊
( င ) ကော်မတီ၏အစီရင်ခံစာကို သဘောတူကြောင်းလက်မှတ်ရေးထိုးရမည်။ သို့ရာတွင် သဘောကွဲလွဲချက်များရှိပါက ထိုသဘောကွဲလွဲချက်များကို ရေးသားဖော်ပြ၍ လက်မှတ်ရေးထိုးပြီး အစီရင်ခံစာတွင် ပူးတွဲဖော်ပြနိုင်သည်၊
( စ ) အစီရင်ခံစာကိုလွှတ်တော်သို့တင်ပြပြီးနောက် ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် ကော်မတီကတာဝန်ပေးအပ်သည့်ကော်မတီဝင်တစ်ဦးသည်လွှတ်တော် ဥက္ကဋ္ဌက သတ်မှတ်သောနေ့တွင် အစီရင်ခံစာကို ဆွေးနွေးရန်အဆိုတင်သွင်းရမည်။ ယင်းအဆိုအတည် ဖြစ်ပြီးသောအခါ လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ ယူဆချက်များ၊ ထင်မြင်ချက်များနှင့် အကြံဉာဏ်များကိုပေးနိုင်သည်။ သို့ရာတွင် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်များ မပြုလုပ်ရ။
(ဆ) ကော်မတီတွင် အဆိုတင်သွင်းခြင်း၊ အကြံပြုချက်တင်သွင်းခြင်းတို့နှင့်စပ်လျဉ်း၍ ထောက်ခံသူမလို၊
( ဇ ) ကော်မတီဝင်များသည် ကိစ္စတစ်ခုနှင့်စပ်လျဉ်း၍ တစ်ကြိမ်ထက်ပိုပြီးဆွေးနွေးခွင့်ရှိသည်၊
( ဈ) တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းတို့နှင့် တိုက်ရိုက်ဆက်သွယ်ပြီး ဖြေကြားနိုင်သည့် တာဝန်ရှိပုဂ္ဂိုလ်များအားလည်းကောင်း၊ လုပ်ငန်းနှင့်ဆက်စပ်သော အကြောင်းအရာများကို သိရှိနားလည်သည်ဟု ယူဆသူများအားလည်းကောင်း ဖိတ်ကြား၍ ကြားနာခြင်း၊ မေးမြန်းဆွေးနွေးခြင်းနှင့် လိုအပ်သည့် အထောက်အထားများကို တင်ပြစေခြင်း ပြုနိုင်သည်။
ကော်မတီ၏ ရပိုင်ခွင့်နှင့်အခွင့်အရေးများ
၁၀။ ကော်မတီဝင်များသည် ကော်မတီလုပ်ငန်းတာဝန်ကိုဆောင်ရွက်ရန်ဖြစ်စေ၊ ကော်မတီ အစည်းအဝေးတက်ရောက်ရန်ဖြစ်စေ၊ ကော်မတီရုံးစိုက်ရာဒေသတွင် ရောက်ရှိနေစဉ်၌လည်းကောင်း၊ တာဝန်အရ ခရီးသွားလာရာ၌လည်းကောင်း သက်ဆိုင်ရာဥပဒေပါ ရပိုင်ခွင့်များကိုခံစားခွင့် ရှိသည့်အပြင် ပြည်ထောင်စုအစိုးရအဖွဲ့ သို့မဟုတ် တိုင်းဒေသကြီးအစိုးရအဖွဲ့က သတ်မှတ်သည့် ရပိုင်ခွင့်များကိုလည်း ခံစားခွင့်ရှိသည်။
၁၁။ ကော်မတီဝင်များသည် –
(က) လွှတ်တော်အစည်းအဝေးတက်ရောက်ရန် လွှတ်တော်ကိုယ်စားလှယ်များ ရောက်ရှိ
သတင်းပို့နိုင်ရေးအတွက် အစည်းအဝေးမကျင်းပမီ ကြိုတင်လာရောက်ရပါက ယင်းနေ့များ အတွက် နေ့တွက်စရိတ် ထုတ်ယူခံစားခွင့်ရှိသည်၊
( ခ ) ကော်မတီအစည်းအဝေးများတွင် တင်ပြဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေမှအပ အခြားဥပဒေအရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
( ဂ ) ကော်မတီအစည်းအဝေး တက်ရောက်နေစဉ်အတွင်း သက်ဆိုင်ရာအဖွဲ့အစည်း၏ အကြီးအမှူးမှတစ်ဆင့် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိသည်၊
(ဃ) ပြစ်မှုတစ်ရပ်ရပ်ဖြင့်ဖမ်းဆီးခံရပါက ပြစ်ဒဏ်စီရင်ခြင်းမခံရမီ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၏ခွင့်ပြုချက်ဖြင့် ကော်မတီအစည်းအဝေးများသို့ တက်ရောက်ခွင့် ရှိသည်။
ကော်မတီ၏သက်တမ်း
၁၂။ မကွေးတိုင်းဒေသကြီးလွှတ်တော်၊–လွှတ်တော်ကိုယ်စားလှယ်များစိစစ်ရေးနှင့် အစိုးရအဖွဲ့၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ—၏ သက်တမ်းသည် တိုင်းဒေသကြီးလွှတ်တော်သက်တမ်းနှင့် အညီဖြစ်ပြီး တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီသက်တမ်း တစ်နှစ်ပြည့်မြောက်သည့်အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက သင့်လျော်သလို လဲလှယ်၊ အစားထိုးတာဝန်ပေးအပ်နိုင်သည်။
၁၃။ ကော်မတီအဖွဲ့ဝင်ဦးရေ တိုးခြင်း၊ လျော့ခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်းများအတွက် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် –
(က) လွှတ်တော်အစည်းအဝေး ကျင်းပသည့်ကာလဖြစ်ပါက လွှတ်တော်၏အတည်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်၊
( ခ ) လွှတ်တော်အစည်းအဝေး ရပ်နားထားစဉ်ကာလဖြစ်ပါက အနီးကပ်ဆုံးကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် အတည်ပြုချက်ရယူဆောင်ရွက်နိုင်သည်။
၁၄။ မကွေးတိုင်းဒေသကြီးလွှတ်တော်၏ ရည်ညွှန်းပါစာဖြင့် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဖွဲ့စည်းထားရှိမှုအား ဤစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်သည်။
ဦးတာ
ဥက္ကဋ္ဌ