
အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးဥပဒေ (စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်
ဆောင်ရွက်ချက်များ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ(၃၀)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး
လွှတ်တော်ရုံး VIP Meeting Room တွင် အပင်နှင့်သီးနှံဖျက်ပိုးမွှား ရောဂါကာကွယ် နှိမ်နင်းရေး ဥပဒေ (စတုတ္ထအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ) ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များပါဝင်သည့် ဥပဒေပြုရေးဆိုင်ရာ ကော်မတီဝင်များနှင့် တိုင်းဒေသကြီးလွှတ်တော်ရုံး၊ ဥပဒေပြုရေးဌာနနှင့် ရေးရာကော်မတီဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပါသည်။
အစည်းအဝေးတွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း (တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ)မှ ပြည်ထောင်စုလွှတ်တော်တွင် သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေကို ရေးဆွဲပြဌာန်းထားရှိပြီး ၎င်းဥပဒေကို မိတ္တူရေးဆွဲ၍ ကော်မတီဝင်များထံ ဖြန့်ဝေထားရှိကြောင်း၊ ယနေ့ခေတ်တွင် သက်ကြီးရွယ်အိုများကို အကြောင်းအမျိုးမျိုးဖြင့် စွန့်ပစ်ထားမှုများကို Social Media များတွင် တွေ့မြင်ရကြောင်း၊ ၎င်းသက်ကြီးရွယ်အိုများဆိုင်ရာဥပဒေသည် တစ်နိုင်ငံလုံးရှိ သက်ကြီးဘိုးဘွားများအတွက် ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှု စသဖြင့် များစွာ အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့တိုင်းဒေသကြီးတွင်လည်း သက်ကြီးရွယ်အို များကို စောင့်ရှောက်သည့် ဥပဒေကို ရေးဆွဲပြဌာန်းနိုင်ရေး ကော်မတီဝင်များအနေဖြင့် လေ့လာ မှတ်သားထားစေလိုကြောင်း အမှာစကားများပြောကြားခဲ့ပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌမှ အပင်နှင့်သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းရေးဥပဒေ နှင့်စပ်လျဉ်း၍ အခန်းကဏ္ဍအလိုက် ပြင်ဆင်/ဖြည့်စွက် ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် ဥပဒေပြုရေးဆိုင်ရာကော်မတီဝင်များမှ မိမိတို့တာဝန်ယူထားသည့် သက်ဆိုင်ရာ အခန်းကဏ္ဍ အလိုက် အကြံပြုဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။