
ဒုတိယအကြိမ် အဆို/မေးခွန်းများ ( ၂-၄-၂၀၁၈ )
ဒုတိယအကြိမ် အဆို/မေးခွန်းများဧပြီလ ၂ ရက်နေ့တွင် ကျင်းပသော မကွေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဆိပ်ဖြူမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်သက်မွန်အေးက ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းအတွက် မီးငြှိမ်းသတ်ယာဉ်(၂)စီးနှင့် ကဇွန်းမနယ်မြေ မီးသတ်စခန်းအတွက် မီးငြှိမ်းသတ်ယာဉ်(၂)စီး ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့်စပ်လျဉ်း၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ဖြေကြားရာတွင် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသည့် ယာဉ်/စက်ဖွဲ့စည်းပုံအင်အားမှာ မြို့နယ်နယ်မီးသတ်စခန်းတွင် မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ မီးသတ်စက်ယာဉ် (၁)စီး၊ စုစုပေါင်း(၄)စီးဖြစ်ပြီး၊ နယ်မြေမီးသတ်စခန်းတွင် မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ စုစုပေါင်း (၂)စီး ဖြစ်ပါကြောင်း၊ ဆိပ်ဖြူမြို့နယ်မီးသတ်စခန်းတွင် ယာဉ်/စက်ဖွဲ့စည်းပုံအင်အား ပြည့်မီပြီၤးဖြစ်ပါသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီးကို ထပ်မံဖြည့်တင်းရန် အစီအစဉ်မရှိပါကြောင်းနှင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေခွင့်ပြုပါက ကဇွန်းမနယ်မြေမီးသတ်စခန်းအတွက် မီးသတ်ယာဉ်/စက် ဖွဲ့စည်းပုံနှင့်အညီ မီးသတ်ရေသယ်ယာဉ် (၁)စီးကို ဝယ်ယူဖြည့်တင်းပေးသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။