တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကျင်းပခြင်း
ဆောင်ရွက်ချက်များတတိယအကြိမ်မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကျင်းပခြင်း
၁။ တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ၁၄.၈.၂၀၂၆ ရက်(သောကြာနေ့) နံနက် ၁၀၀၀ နာရီတွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားမှူးအဖြစ် ဦးမိုးကျော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်(၆၁)ဦး ရှိပြီး (၅၀)ဦး တက်ရောက်သည့်အတွက် အစည်းအဝေးတက်ရောက်မှု (၈၁.၉၇)ရာခိုင်နှုန်း ဖြစ်ပါသည်။
၂။ အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း( ၁၁ )ခုကို လွှတ်တော်ကိုယ်စားလှယ်( ၁၀ )ဦးက မေးမြန်းပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး( ၂ )ဦးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။
၃။ ဆက်လက်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ ပြောကြားသည့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းအား ကြိုဆိုထောက်ခံသည့်အဆိုနှင့်စပ်လျဉ်း၍ စေတုတ္တရာမြို့နယ် ကိုယ်စားလှယ်အမှတ်( ၂ ) ဦးသိန်းထက်ဝေ၊ ထီးလင်းမြို့နယ်ကိုယ်စားလှယ်အမှတ်( ၂ ) ဦးအောင်မျိုးမင်း၊ မင်းလှမြို့နယ် ကိုယ်စားလှယ်အမှတ်( ၁ ) ဦးသိုက်စိုးဦးတို့က အသီးသီးထောက်ခံဆွေးနွေးခဲ့ကြပြီး ယင်းအဆိုကို လွှတ်တော်တွင် အတည်ပြု မှတ်တမ်းတင်ရန် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း ဆောင်ရွက်ခဲ့ပါသည်။
၄။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်း များချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း ခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း ဆောင်ရွက်ခဲ့ပါသည်။
၅။ ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးလွှတ်တော်၊ လုံခြုံရေး၊ စီမံခန့်ခွဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာကော်မတီ၏ အဖွဲ့ဝင်ဦးရေ ပြင်ဆင်ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်း ဆောင်ရွက်ခဲ့ပါသည်။
၆။ ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ တတိယ ပုံမှန်အစည်းအဝေး တတိယနေ့ရပ်နားကြောင်းနှင့် အစည်းအဝေး စတုတ္ထနေ့ကို ၁၇. ၈. ၂၀၂၆ ရက် (တနင်္လာနေ့)နံနက် ၁၀၀၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်းကြေညာပြီး အစည်းအဝေးကို ၁၂၄၅ နာရီတွင် ရပ်နားခဲ့ပါသည်။

